အရက်ကဝင် ဆေးလိပ်ပြင်၊ မြန်မာဇာတ်ရှုပ် ရင်းနှီးမြှုပ်

ရန်ကုန်မြို့၏ လက်ဖက်ရည်ဆိုင်များအတွင်း ဝင်လိုက်သည်နှင့် မီးခိုးတွေက ကြိုဆိုနှုတ်ဆက်ခြင်း ခံရမည် ဖြစ်သည်။ ဒေသအခေါ် ‘ဆေးလိပ်’ များတွင် မီးတောက်တွေ တဖွားဖွားနှင့် မီးခိုးငွေ့ များသည် မြန်မာတို့၏ အလေ့အထ စရိုက်များ ဖြစ်တော့သည်။
မြန်မာနိုင်ငံ အဓိက မြို့ကြီးများတွင် ဆေးလိပ် ရောင်းဆိုင်တွေ မှိုလိုပေါက်အောင် ရှိနေသည်။ မီးပွိုင့် လမ်းဆုံများတွင်ပင် ကားရပ်လိုက်သည်နှင့် ဆေးလိပ် ရောင်းသူတွေ ရောက်လာတတ်သည်။ သူတို့ အများဆုံး ရောင်းချနေကြသည်က တရုတ်ပြည်ထုတ် မှောင်ခို တင်သွင်းလာသော အပေါစား စီးကရက်များ ဖြစ်သည်။ မြန်မာနိုင်ငံ လမ်းမကြီးများပေါ်တွင် (အထူးသဖြင့် မီးပွိုင့် လမ်းဆုံ နေရာများတွင်) ကွမ်းစားပြီး ထွေးထုတ်ထားသော ကွမ်းတံတွေးတွေကလည်း ရဲရဲနီနေတတ်သည်။

ဆင်းရဲသည့် အရှေ့တောင်အာရှ နိုင်ငံများတွင် ဆေးရွက်ကြီးသည် ပြဿနာတစ်ရပ် ဖြစ်သည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီး ဆိုင်ရာ သတ်မှတ် ပြဋ္ဌာန်းထားသည့် ဥပဒေများ၏ အားနည်းချက် ကြောင့်လည်း ဖြစ်နိုင်သည်။ စစ်တပ်သည် မြန်မာနိုင်ငံကို ရာစုထက်ဝက်ခန့် အုပ်စိုး ပြီးသည့် နောက်ပိုင်း တံခါးဖွင့်ပေးလိုက်သည်။ တံခါးဖွင့် စီးပွားရေးစနစ်ကို ကျင့်သုံးလိုက်သည်နှင့် ရင်ဆိုင်လိုက်ရသည့် ပြဿနာမှာ ဆေးလိပ် ကုမ္ပဏီကြီးများ အပြိုင်အဆိုင် လက်ဦးမှုယူပြီး မြန်မာ့ဈေးကွက် အတွင်းသို့ ဝင်ရောက်လာကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အထီးတည်း နေထိုင်ခဲ့ချိန်တွင် လူငယ်တွေက အနောက်တိုင်း စတိုင်ကို အထင်ကြီး အတုခိုးခဲ့ကြသည်။
“ရုပ်ရှင်တွေ ထဲကအတိုင်း လိုက်လုပ်ကြည့်တာ” ဟု အသက် ၄၂ နှစ်အရွယ် ရှိနေပြီ ဖြစ်သော ကျော်ဇင်လင်းက ပြောပြသည်။ သူက အသက် ၁၂ နှစ်သားလောက် ကတည်းက ဆေးလိပ်သောက်နေခြင်း ဖြစ်သည်။ သူပထမဆုံး သောက်သည့် စီးကရက်မှာ မိဘများ ရောင်းချသည့် ကုန်စုံဆိုင်မှ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆေးလိပ် ဆန့်ကျင်ရေး လှုပ်ရှားနေသည့် အဖွဲ့အစည်း များကလည်း ဆေးလိပ်ကုမ္ပဏီ များကြောင့် အမျိုးသား ကျန်းမာရေးကို ထိခိုက်စေရုံ မျှမက ဆင်းရဲသားများ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေရခြင်း ဖြစ်ကြောင်း ပြောကြသည်။

မြန်မာနိုင်ငံနှင့် ဆေးလိပ်ပြဿနာ အဓိက အဖြေ ရှာမရသည်မှာ အကျိုးစီးပွားကို ဦးတည် ထားလွန်းသော အစိုးရကြောင့် ဖြစ်သည်။ ကျန်းမာရေး ဝန်ကြီးဌာနက ဆေးလိပ်သောက်သူများ ပပျောက်ရေးကို အဓိကထားပြီး လုပ်ဆောင်နေသည်။ ကုန်သွယ်ရေး ဝန်ကြီးဌာနက နိုင်ငံခြား ကုမ္ပဏီကြီးများလာပြီး သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန် မက်လုံးတွေ ပေးနေသည်ဟု အရှေ့တောင်အာရှ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးအဖွဲ့ ဒါရိုက်တာ ဘန်ဂွန်ရီသီဖာကဒီက ဆိုသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ကျော်ရှိသည့်အနက် သုံးပုံတစ်ပုံခန့်သည် ဆေးလိပ်ကို ပုံစံအမျိုးမျိုးနှင့် သောက်သုံးနေကြကြောင်း ဆေးလိပ် ဆန့်ကျင်ရေးအတွက် လှုပ်ရှားနေသူများက ပြောကြသည်။ အချို့ကလည်း ဆေးလိပ်နေရာတွင် ကွမ်းကို အစားထိုးပြီး အာသာဖြေမှုများ ရှိနေသည်။ အစီခံ စီးကရက် လိုမျိုးကတော့ မြို့ကြီးများ၌သာ ရနိုင်သည်။
မြန်မာနိုင်ငံ လူဦးရေ ၄၅ ရာခိုင်နှုန်းခန့်သည် အသက် ၂၄ နှစ်အောက်များ ဖြစ်သည်။ ထိုပမာဏသည် စီးကရက် ကုမ္ပဏီကြီးများအတွက် အဓိကပစ်မှတ် ဖြစ်တော့သည်။

အခွင့်အရေး တံခါးခေါက်သံများ

မြန်မာနိုင်ငံတွင် စီးကရက် သောက်သုံးသူ ၉ ဒသမ ၂ ရာခိုင်နှုန်းခန့်သာ အနောက်တိုင်းစတိုင် အစီခံ စီးကရက်များကို သောက်သုံးကြကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ထိုအချက်က နိုင်ငံခြားထုတ် စီးကရက်များ မြန်မာ့ ဈေးကွက်အတွင်း တင်သွင်းလျှင် ဆုံးရှုံးမှု များစေနိုင်သည့် အဓိက အကြောင်းတရား ဖြစ်နေသည်။

ရန်ကုန်ရှိ ပြည်သူ့ဆေးရုံ ကင်ဆာဌာနတွင် လူများ ပြည့်ကျပ်နေတတ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် ဆေးလိပ် သောက်သုံးသူ ငါးဦးတွင် တစ်ဦးသည် ယင်းနှင့် ဆက်နွှယ်သည့် ရောဂါများကြောင့် သေဆုံးနေကြရသည်။
နောက်လာမည့် လေးနှစ်အတွင်း စီးကရက် ရောင်းအားသည် မြန်မာနိုင်ငံတွင် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ တိုးလာနိုင်ကြောင်း ဆေးရွက်ကြီး ထုတ်လုပ်မှု သုတေသနအဖွဲ့ Euromonitor မှ သုတေသီ ရှောင်မက်ဂူးလ်က ဆိုသည်။

တရုတ်ပြည်တွင် အကြီးဆုံး ဆေးလိပ် ထုတ်လုပ်သည့် ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး ကမ္ဘာ့အဆင့် (၅) ရှိသည့် Hongyun Honghe Group သည် ပြည်တွင်း လိုအပ်ချက်အရ တစ်နှစ်လျှင် စီးကရက်ပေါင်း သုံးဘီလီယံခန့် ထုတ်လုပ် ပေးနေရသည်။“အရည်အချင်းပြည့် ဈေးကွက် မန်နေဂျာများ၊ ထက်မြက် ထူးချွန်သည့် အရောင်းကိုယ်စားလှယ်များ၊ အရောင်းမြှင့်တင်ရေး အတွက် လုံလောက်သည့် ပရိုမိုးရှင်းပွဲများ၊ ဖြန့်ချိရေးအတွက် ကားများ” နှင့် အခိုင်အမာ လုပ်ဆောင်နေသည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်ကြောင်းကို ကုမ္ပဏီပိုင် Website တွင် ကြေညာပြီး လုပ်ကိုင်နေခြင်း ဖြစ်သည်။

ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးကရက် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် British American Tobacco သည် နောက်လာမည့် ငါးနှစ်အတွင်း ဝန်ထမ်းပေါင်း ၄၀၀ နှင့် ဒေါ်လာသန်း ၅၀ ကျော် ရင်းနှီးမြှုပ်နှံရန် လျာထားကြောင်း ထုတ်ဖော် ပြောကြားထားသည်။ ကမ္ဘာ့နံပါတ်နှစ် အဆင့်ရှိ Japan Tobacco International ကုမ္ပဏီကြီးကလည်း မည်သို့ ဝေဖန်ပြစ်တင်မှုများ ရှိသည်ဆိုစေ မိမိတို့ လုပ်ငန်းကို တိုးမြှင့် လုပ်ဆောင်သွားရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ပြောကြားသည်။
“ပြည်တွင်း စီးကရက် ကုမ္ပဏီတွေက မယှဉ်နိုင်ပါဘူး။ နိုင်ငံခြား ဆေးလိပ် ကုမ္ပဏီတွေက အစိုးရကို အာမခံချက်တွေ၊ မက်လုံးတွေ အမျိုးမျိုးပေးပြီး ဝင်လာကြတာ။ စက်ရုံတွေ ဆောက်မယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးမယ် စတာတွေပေါ့” ဟု World Lung ဖောင်ဒေးရှင်းမှ အကြီးတန်း အကြံပေးတစ်ဦးဖြစ်သူ ဂျူးဒစ်မက်ကေးက ဆိုသည်။ သူက တီဘီရောဂါ အမြစ်ဖြတ် ချေမှုန်းရေးအတွက် လှုပ်ရှားနေသူလည်း ဖြစ်သည်။

အမိန့်နှင့် အာဏာတည်မှုများခေါင်းပါး

မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကြီးမှူးကျင်းပသည့် ဆေးလိပ် ထိန်းချုပ်ရေး ညီလာခံသို့ တက်ရောက်ပြီး သဘောတူညီချက် လက်မှတ် ရေးထိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ သို့သော် ဥပဒေသာ ရှိပြီး အကောင်အထည် ဖော်မှုမှာ အားနည်းသေးကြောင်း တွေ့ရသည်။ WHO ကမည်သို့ လမ်းညွှန်ချက်များ ချမှတ်ထားသည်ဆိုစေ အကောင်အထည် ဖော်မှုတွေ အားနည်းလှသည်။ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ဆေးလိပ် သောက်သုံးခြင်းကို တားမြစ်ထားသည်မှာ ၂၀၀၆ ခုနှစ် ကတည်းက ဖြစ်သည်။ သို့သော် ဥပဒေက မထိရောက်၊ သတ်မှတ်ထားသည့် ပြစ်ဒဏ်ကလည်း မဆိုစလောက် ဖြစ်နေသောကြောင့် ဥပဒေက မည်သို့ပင် ဆိုစေကာမူ မထီမဲ့မြင် ပြုသူတွေက ရှိနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်များ ထုတ်လုပ်နေသည့် ကုမ္ပဏီများ၏ ကြော်ငြာများကို ပိတ်ပင် ထားသော်လည်း ထိုကုမ္ပဏီများသည် လူမှုရေး လုပ်ငန်းများတွင် ကူညီရခြင်း၊ ပညာရေး ထောက်ပံ့ငွေများ ပေးရခြင်း၊ မိဘမဲ့ ကျောင်းများသို့ လှူဒါန်းရခြင်းများ ရှိနေသည်။ ဆေးလိပ် ကုမ္ပဏီများသည် လူငယ်များကို ရည်ရွယ် မထုတ်လုပ်ရဟု ဆိုထားသော်လည်း တေးဂီတ ဖျော်ဖြေပွဲများ၊ နှစ်စဉ် ကျင်းပနေသည့် ရေသဘင်ပွဲများကို စပွန်ဆာပေး ထောက်ပံ့နေရုံမက ထိုပွဲများတွင် လူငယ်များကို စီးကရက်များ အခမဲ့ ပေးဝေခြင်းများကို ပြောင်ပြောင်တင်းတင်း ပြုလုပ်နေကြသည်။

မြန်မာနိုင်ငံသည် နိုင်ငံခြား စီးကရက် တံဆိပ်များ ဖြစ်ကြသည့် Camel နှင့် Benson & Hedges တို့ကို ပြည်တွင်းသို့ တင်သွင်းမှုအား ထိန်းချုပ် ထားသော်လည်း ပြည်တွင်းထုတ် စီးကရက်များထက် သုံးဆပိုပြီး ရောင်းချနေကြရသည်။
“ပြည်တွင်းမှာ စက်ရုံကို ဖွင့်ပေးလိုက်ရင် ဈေးပေါပေါနဲ့ ရောင်းနိုင်မှာပေါ့” ဟု နိုင်ငံတကာ တီဘီနှင့် အဆုပ်ရောဂါ ဆန့်ကျင်ရေးအဖွဲ့မှ ရာဇာညွန့်က ပြောကြားသည်။
“အဓိက ပြဿနာက အကျင့်ပျက် ခြစားမှုတွေ အစိုးရအဖွဲ့ထဲမှာ ရှိနေတာကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေး ဆိုတာကို သူတို့နဲ့ မဆိုင်သလို လုပ်ထားကြတာ။ မြန်မာနိုင်ငံမှာ ပထမဆုံး အရက်ကုမ္ပဏီတွေ လာဖွင့်ကြတယ်။ ခုဆိုရင် ဆေးလိပ် ကုမ္ပဏီတွေ ရောက်လာကြပြီ” ဟု ၎င်းကဆိုသည်။

နိုင်ငံရေးနှင့် ဆက်နွှယ်မှုများ

၂၀၁၂ နှစ်လယ်ပိုင်းတွင် မြန်မာ့ရင်းနှီးမြှုပ်မှု ကော်မရှင်သည် နိုင်ငံခြား ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်ပြီးနောက် ‘ပြည်သူများအတွက် သောက်သုံးရန်မသင့်’ ဟူ၍ အနှစ်နှစ်အလလက ပိတ်ပင်ထားခဲ့သည့် အရက်စက်ရုံများ ထူထောင်ခွင့်နှင့် ရင်းနှီးမြှုပ်နှံ လုပ်ပိုင်ခွင့်များကို ခွင့်ပြုပေးခဲ့သည်။

မြန်မာ့နိုင်ငံရေးကို ချုပ်ကိုင်ထားသည့် စစ်ခေါင်းဆောင်များနှင့် ဆက်နွှယ်နေသော သူများနှင့် ပူးပေါင်း ပြီး ဖက်စပ်လုပ်ငန်းများ အသွင်ဖြင့် အရက်ချက် လုပ်ငန်းများကို လုပ်ဆောင်လာကြခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကျန်းမာရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံအတွင်း ဆေးလိပ် သောက်သုံးခြင်းကို တင်းကျပ်သည့် ထိန်းချုပ်မှုများ စတင်လုပ်ဆောင် လာခဲ့သည်။ ဒေသဆိုင်ရာ ဆေးလိပ် ဆန့်ကျင်ရေး အဖွဲ့များနှင့် ကျန်းမာရေး သတိပေးချက် အစီအစဉ်များ လုပ်ဆောင်ပြပြီး သဘောတူထားမှု များကို အကောင်အထည် ဖော်ပြနေကြသည်။ သို့သော် လက်တွေ့တွင် သူတို့မည်မျှ လုပ်ဆောင်သည်ဆိုစေ မည်သူကမျှ ဂရုမစိုက်ကြကြောင်း လှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်သူများက ဆိုသည်။

အသက် ၄၃ နှစ်အရွယ် ရှိပြီဖြစ်သော ကိုကျော်ဦးသည် ပြည်တွင်းထုတ် ဆေးလိပ်လည်း သောက်သည်။ မြန်မာနိုင်ငံထုတ် Red Ruby စီးကရက်ကိုလည်း သောက်သည်။ သူ့ဘဝသက်တမ်း ထက်ဝက်လောက် ဆေးလိပ် သောက်ခဲ့သူလည်း ဖြစ်သည်။ သို့သော် သူယခု ဆေးလိပ် ဖြတ်လိုက်ပြီဟု ပြောသည်။ သူအသက်ရှူ မဝသောကြောင့် ယခုလို ဆေးလိပ် ဖြတ်လိုက်ရခြင်း ဖြစ် သည်။
“ဆေးလိပ် သောက်တာ မကောင်းဘူးလို့ ဘာကြောင့် ကျွန်တော့်ဆရာတွေ ပြောခဲ့တယ်ဆိုတာ ခုမှသိရတော့တယ်” ဟု သူကဆိုသည်။

နိုင်ငံခြား ဆေးလိပ် ကုမ္ပဏီများသည် မြန်မာနိုင်ငံသို့ ထိုးဖောက် ဝင်ရောက်လာခြင်းမှာ ပြည်တွင်း ဈေးကွက် လိုအပ်ချက် တစ်ခုတည်းကြောင့် မဟုတ်ပေ။ သူတို့က မြန်မာနိုင်ငံတွင် သူတို့ကိုယ်ပိုင် စက်ရုံများ ကုမ္ပဏီများကို အခြေစိုက်ပြီး အာရှနိုင်ငံများသို့ မြန်မာထုတ် ဆေးလိပ်များကို တစ်ဆင့် တင်ပို့ရန် ရည်ရွယ် ထားကြသည်။ မြန်မာနိုင်ငံရှိ လယ်ယာလုပ်ငန်းနှင့် ဘိုးဘွား ပိုင်မြေယာများ ပေါများမှုသည် စီးကရက် ထုတ်လုပ်မည့် လုပ်ငန်းရှင်ကြီးများအတွက် မျက်စိကျစရာလည်း ဖြစ် နေတော့သည်။

မြန်မာ ဆေးလိပ်သောက်သုံးမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတွင် ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက် နေသူ မာ့ခ်ဖာမီနာက မြန်မာနိုင်ငံမှ British American Tobacco ကုမ္ပဏီကို ထွက်သွားစေရန် စည်းရုံ လှုံ့ဆော်နေသည်။ ထိုကုမ္ပဏီ၏ နောက်ကွယ်တွင် ပူးပေါင်း ပါဝင်ထားသူတွေ ကလည်း ရာထူးအဆင့် နည်းနည်းနောနော သူတွေမဟုတ်။ ထိုစက်ရုံကို ဆောက်ရန်အတွက် လယ်သမားတွေကလည်း မိမိတို့ လယ်မြေများကို သိမ်းယူထားမှုနှင့် ပတ်သက်ပြီး ပြဿနာကြွေးတွေ အများကြီး ရှိလာနိုင်သေးသည်။

ဖာမီနာက ကမ္ဘာ့ဆေးလိပ် ကုမ္ပဏီကြီးတစ်ခုသည် လူမှုရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ပြဿနာ တွေကို တစ်လှေကြီး ရင်ဆိုင်ရလာဖွယ် ရှိကြောင်း သတိပေးထားသည်။ အထူးသဖြင့် မြေယာကို အဓမ္မ သိမ်းထားပြီး စက်ရုံဆောက်ခွင့် ပေးထားသည့် ကိစ္စနှင့် အလုပ်သမားများအပေါ် ဆက်ဆံရေး ညံ့ဖျင်းခြင်းများသည် အနာဂတ် ပြဿနာ ဖြစ်သည်ဟု သူကဆိုသည်။
“မြန်မာနိုင်ငံက ပြည်သူတွေဟာ အလုပ်တော့ လိုချင်လိုမယ်။ ကင်ဆာကိုတော့ လိုချင်မှာ မဟုတ်ဘူး။ ရင်းနှီးမြှုပ်နှံမှုဆိုတာ ပြည်သူတွေအတွက် အကျိုးရှိရင် ကောင်းတာပေါ့။ ပြည်သူတွေကို သတ်ဖို့ ဆိုရင်တော့ ဘယ်ကောင်းမလဲ” ဟု ဖာနီနာ၏ ပြောစကားသည် စဉ်းစားစရာ ဖြစ်သည်။

(အယ်ဒီတာတစ်ဦး)
Ref: Big Tobacco Eyes Myanmars Market, Lim Li Min (Aljazeera)

The Voice Weekly

Popular posts from this blog

အသုံးဝင် Website address Links များ

PDF Converter လေးသုံးကြမယ် PDF Converter Pro

Twitter Account အား Multiple အသုံးပြုနိုင်ရန်