တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်နှင့် ဘင်္ဂါလီ မပါဝင်ကြောင်းနှင့် သန်းခေါင်စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွားမည်

ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြားနေစဉ်
တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်၊ ဘင်္ဂါလီနှင့် ပါကစ္စတန် မပါဝင်ကြောင်းနှင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွားမည်ဖြစ်ကြောင်း
   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။
စက်တင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ရုံး၊ မင်္ဂလာခန်းမတွင် ပြုလုပ်သော ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင်
သတင်းထောက်များ၏ မေးမြန်မှုကို ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးက "တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ဘင်္ဂါလီဆိုတာ မပါဘူး။ တရုတ်ဆိုတာ မပါဘူး။ ပါကစ္စတန်ဆိုတာ မပါဘူး။ မပါတဲ့ လူတွေအားလုံးကို အခြားဆိုတဲ့ နေရာမှာ ထည့်သွင်းကောက်ယူသွားမယ်။ ၁၃၅ မျိုးထဲမှာ မပါရင် တိုင်းရင်းသား မဟုတ်ဘူး" ဟု ပြောကြားသည်။
ဆက်လက်၍ ၀န်ကြီးက လက်ရှိတွင် နိုင်ငံသားကတ် ကိုင်ဆောင်ထားသော တရုတ်၊ ဘင်္ဂါလီများနှင့် ပက်သက်၍ "နိုင်ငံသားဆိုတာ နိုင်ငံသားဖြစ်နေတာကို အသိအမှတ်ပြုတာ။ နိုင်ငံသားက နှစ်မျိုးရှိတယ်။ မွေးရာပါ နိုင်ငံသားနဲ့ ဥပဒေအရ နိုင်ငံသားဆိုပြီး ရှိတယ်။ မွေးရာပါ နိုင်ငံသားကို ဘယ်သူမှ ချေဖျက်လို့ မရဘူး။ တချို့က မွေးရာပါနိုင်ငံသား မဟုတ်ဘူး။ သတ်မှတ်ထားတဲ့ အချက်နဲ့ ညီတယ်။ သူလည်း နိုင်ငံသားဖြစ်ခွင့် ရှိတယ်။ အဲဒါသည် ဥပဒေအရ နိုင်ငံသားပါ။ တရုတ်၊ ကုလားလည်း ဖြစ်နိုင်တာပေါ့" ဟု ပြောကြားသည်။
ယခုကောက်ယူမည့် သန်းခေါင်စာရင်းသည် နိုင်ငံသားကတ် ကိုင်ဆောင်ထားခြင်း၊ နိုင်ငံသားဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထပ်မံပြောကြားသည်။
"သန်းခေါင်စာရင်း ကောက်ယူရေးဟာ နိုင်ငံရေး၊ လူမျိုးရေး၊ လူမှုရေး ဘာနဲ့မှမဆိုင်ဘူး။ တိုင်းရင်းသားလူမျိုး ၁၃၅ လူမျိုးထဲ မပါရင် တခြားထဲမှာ ပါမယ်။ လူမျိုးပျောက် မသွားဘူး" ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူရေးအတွက် Third Party အဖြစ် နိုင်ငံတကာ အဖွဲ့အစည်းများက ကြားခံပြီး ပြောဆိုမှုများ ပြုလုပ်နေကြောင်းနှင့် UNFPA ၏ အကူအညီဖြင့်လည်း ဆောင်ရွက်နေကြောင်း ၀န်ကြီးက ထပ်မံပြောကြားသည်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက် ညသန်းခေါင်အချိန်မှစ၍ ဧပြီ ၁၄ ရက်ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

Popular posts from this blog

အသုံးဝင် Website address Links များ

PDF Converter လေးသုံးကြမယ် PDF Converter Pro

Twitter Account အား Multiple အသုံးပြုနိုင်ရန်