မိုဘိုင်းလ် ဆင်းမ်ကတ်များကို အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက်ရောင်းချသွားမည်

နေပြည်တော်၊ သြဂုတ် ၂၃

အခြေခံအဆောက်အဦးများ တည်ဆောက်ပြီးစီးပါက
လိုအပ်ချက်နှင့်အညီ ဖြန့်ချိပေးမည်ဟု ဆိုထားသည့် မိုဘိုင်းလ် ဆင်းမ်ကတ်များကို လက်ရှိရောင်းချထားပေးနေသည့်အတိုင်း အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် လစဉ်ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးသို့ ဖြန့်ချိနေခြင်းဖြစ်ပြီး ယင်းအတိုင်းသာ ဆက်လက် ဖြန့်ချိမည် ဖြစ်ကြောင်း ဦးသောင်းတင်က ထပ်လောင်းပြောကြားသည်။

“ဒီလိုရောင်းတာ ဘယ်အချိန်အထိ ရောင်းမှာလဲဆို မလိုချင်တော့တဲ့ အချိန်အထိ ရောင်းသွားမှာပါ” ဟု ဦးသောင်းတင်က ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလ် ဆင်းမ်ကတ်များကို အကန့်အသတ်ဖြင့်သာ ဖြန့်ချိနေခြင်းကြောင့် သမ္မတဦးသိန်းစိန် သတ်မှတ်ပေးသည့် ၁၅၀၀ ကျပ် ဈေးနှုန်းများ ပြင်ပဈေးကွက်တွင် အဆတစ်ရာနီးပါး ကွာဟနေကြောင်း ဖုန်းအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

မိုဘိုင်းလ် ဆင်းမ်ကတ်များ ပြင်ပဈေးနှုန်း မြင့်မားနေခြင်း၊ အရေအတွက် အကန့်အသတ်ဖြင့်သာ ရောင်းချနိုင်ခြင်းတို့မှာ စနစ်သစ်တစ်ခုသို့ ကူးပြောင်းနေခြင်းကြောင့်ဖြစ်ပြီး အချိန်အနည်းငယ် သည်းခံစောင့်ဆိုင်းပေးရန် ဦးသောင်းတင်က တိုက်တွန်း ပြောကြားသည်။

ကျပ် ၁၅၀၀ တန် CDMA ဆင်းမ်ကတ်များမှာ ပြင်ပပေါက်ဈေး ကျပ်ရှစ်သောင်း ဝန်းကျင်ရှိပြီး ၁၅၀၀ တန် GSM ဆင်းမ်ကတ်များမှာမူ တစ်သိန်းနှစ်သောင်းကျပ် ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း ဖုန်းဆင်းမ်ကတ် အရောင်းအဝယ် ပြုလုပ်နေသူများက ဆိုသည်။

လစဉ် မိုဘိုင်းလ် ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မဲစနစ်ဖြင့် ခွဲဝေ ရောင်းချပေးမည်ဖြစ်ပြီး လိုအပ်သည့် ဆက်သွယ်ရေးစခန်းများ တည်ဆောက်တပ်ဆင်ပြီးပါက အကန့်အသတ်မရှိ ရောင်းချပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကြေညာထားသည်။

The Voice Weekly

Popular posts from this blog

အသုံးဝင် Website address Links များ

PDF Converter လေးသုံးကြမယ် PDF Converter Pro

Twitter Account အား Multiple အသုံးပြုနိုင်ရန်